၂၀၅... ဆယ့်သုံးည ဆယ့်လေးရက် ဆယ့်ကိုးနာရီ - အပြာစာအုပ်

၂၀၅... ဆယ့်သုံးည ဆယ့်လေးရက် ဆယ့်ကိုးနာရီ

 ဆယ့်သုံးည ဆယ့်လေးရက် ဆယ့်ကိုးနာရီ
                                         
               ==========================




                                   အပိုင်း ( ၁ )

“ ဆရာတို့က လင်မယားနှစ်ယောက်တည်း နေမှာလား ”

 “ ဟုတ်ပါတယ် ခင်ဗျ ။ ကျွန်တော်တို့နှစ်ယောက်တည်းနေမှာပါ ။ ဒါပေမဲ့ အိမ်က နည်းနည်းကြီးနေတယ် ”

“  အိမ်ကျယ်တော့ ပိုမကောင်းဘူးလား ဆရာရဲ့ ”

“ ကောင်းတော့ ကောင်းပါတယ် ။ သန့်ရှင်းရေးလုပ်ရတာ ပိုပင်ပန်းတာပေါ့ဗျာ ”

“ ဆရာပြောတာတော့ မှန်ပါတယ် ။ ဈေးလည်းသက်သာ အိမ်ရှင်ကလည်း သဘောကောင်းတော့ ဆရာတို့အတွက် ပိုပြီးအဆင်ပြေမလားလို့ပါ ”

“ နေရာလေးကတော့ မဆိုးပါဘူး ။ ခြံနဲ့ဝင်းနဲ့ဆိုကတည်းက တော်တော် သဘောကျနေတာ ”

“ ဟုတ်တယ်ဆရာ ။ ဟိုသရက်ပင်က မချစ်စုသရက်ပင်လေ ။ အသီးက တော်တော်ချိုတာ ဆရာရေ  ။ ဒီနှစ်တော့ ဘယ်လိုဖြစ်တယ် မသိဘူး ။ အကင်းတောင် မတွေ့ဘူးဆရာ ”

“ ဟုတ်လား ။ နေရတာ အဆင်ပြေမယ်ဆိုရင်တော့ တစ်နှစ်စာချုပ်မပြည့်ခင် နောက်တစ်နှစ်စာ ကြိုချုပ်မယ်ဗျာ ”

“ ဆရာတို့ နေရတာ အဆင်ပြေမှာပါ ။ ဒီအိမ်ပိုင်ရှင် အဒေါ်ကြီးက ဝါးတန်းလမ်းမှာ နေတာ ။ သဘောတော့ တော်တော် ကောင်းတယ် ဆရာ ”

“  အိမ်ရှင် သဘောကောင်းတော့ အဆင်ပြေတာပေါ့ဗျာ ။ ဘေးကခြံတွေမှာ လူမနေဘူးလားဗျ ”

“ ဟိုဘက်ခြံက သင်္ဘောသားတစ်ယောက် ဝယ်ထားတာဆရာ ။ ခြံစည်းရိုးပဲ ခတ်ထားသေးတယ် ။ ဒီဘက်အိမ်ကတော့ အိမ်ဆောက်ပြီး လူမနေသေးဘူး ။ အဲဒီ အိမ်ပိုင်ရှင်က  မဆလခေတ်က ဗဟိုကော်မတီဝင်လူကြီးဆိုလား ဘာလားတော့ မသိဘူး ။ လူကြီးတော့ လူကြီးပဲ ။ အဲဒီအန်ကယ်ကြီးက အသက်ခုနစ်ဆယ်ကျော်လောက်တော့ရှိမယ်  ”

“  အသက်ခုနစ်ဆယ်ကျော်ဆိုမှတော့ လူကြီးပေါ့ဗျာ ”

“ ဟား..ဟား…။ ဆရာပြောမှပဲ ရှင်းသွားတော့တယ် ။ ကျွန်မက လူသန့်တာကို ပြောတာပါ ”

“ ကျွန်တော် သဘောပေါက်ပါတယ် ဒေါ်ဘိုမ ။ လမ်းမကြီးကို မျက်နှာပြုထားတာရော လမ်းမကြီးရဲ့ ဟိုဘက်ခြမ်းမှာ အိမ် ခြေမရှိသေးတာကိုရော သဘောကျတယ် ။ မျက်စိနောက် သက်သာတယ်ဗျာ ”

“ ဆရာနဲ့ကျွန်မက အကြိုက်ချင်း တူသွားပြီ ။ ကျွန်မလည်း အိမ်ရှေ့မျက်နှာချင်းဆိုင်မှာ လူနေအိမ်ရှိတာ သိပ်မကြိုက်ဘူး ”

“ အိမ်ပိုင်ရှင်နဲ့တွေ့ပြီး စာချုပ်ချုပ်ဖို့ ဘယ်နေ့လာခဲ့ရမလဲ ဒေါ်ဘိုမ ”

“ ကျွန်မ ဖုန်းဆက်လိုက်မယ် ဆရာ ။ အိမ်ပိုင်ရှင် အားမယ့်နေ့ကို လှမ်းမေးရဦးမယ် ။ အိမ်ပိုင်ရှင် ချိန်းတဲ့နေ့ ဆရာ့ကို ဖုန်းဆက်ပြီး ပြောမယ်လေ ”

“ ကောင်းပြီဗျာ ။ ဒါဆို ပြန်လိုက်ဦးမယ် ”

“ ဟုတ်ကဲ့ ဆရာ ။ ဆေးရုံကတော့ နည်းနည်း လှမ်းတယ်နော် ။ ဈေးကတော့ နှစ်မှတ်တိုင်လောက်တော့ ကားစီးရတယ် ”

“ ဈေးနီး ဆေးရုံနီးဆိုရင်လည်း ဒီဈေးနဲ့ ဘယ်ငှားပါ့မလဲဗျာ ”

“ ဟုတ်တယ် ဆရာရေ ၊ အခုက အိမ်ငှားတွေ များလာတော့ အိမ်ရှင်တွေ အကြိုက်တွေ့နေကြတယ် ။ အိမ်လခပိုပေးတဲ့ အ်ိမ်ငှားတွေ့တာနဲ့ လက်ရှိအိမ်ငှားကို စာချုပ်ထပ်ချုပ်မခံတော့ဘူး ။ တစ်နှစ်ထက်တစ်နှစ် အိမ်ငှားခတွေ တက်လာတယ် ”

“ နေဖို့ရော သေဖို့ရော ပိုက်ဆံရှိမှ အဆင်ပြေတဲ့ခေတ်ပါ ဒေါ်ဘိုမရယ် ”

“ ဟုတ်တယ်ဆရာ ၊ ဟုတ်တယ် ။ ဒါတောင် ဆရာတို့က ဝါတွင်းမှာ အိမ်ပြောင်း အိမ်ရွှေ့လုပ်တာ အယူမရှိကြလို့ ။ ဝါထွက်ဆိုရင် အိမ်ရှာရတာ အရမ်းခက်တယ် ဆရာရေ ။ ဝါမထွက်ခင် ကိုယ်ကြိုက်တဲ့ အိမ်လေးတွေ့ပြန်တော့လည်း စာချုပ်ကြိုချုပ်ထားမှ စိတ်ချရတာဆိုတော့ လူမနေသေးဘဲ ဘယ်သူက ကြိုချုပ်ချင်မှာလဲ ဆရာရယ် ”

“ ဟုတ်ပါတယ် ။ မြို့ပြင်မို့လို့သာ တော်တော့တယ် ။ မြို့ထဲက တိုက်ခန်းဆိုလို့ကတော့ အနားတောင် မကပ်နိုင်ဘူး ”

“ အဟုတ်ပဲ ဆရာ ။ စာဘူးတောင်းသိုက်သာသာရှိတဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးကို  တစ်သိန်း ၊ တစ်သိန်းခွဲ လောက်ပေး ရတာ ဆရာရဲ့ ။ နေရာလည်း ရှိသေးတာကိုး ။ ဒီမှာက ညဆို လူသွားလူလာတောင် သိပ်ရှိတာမှ မဟုတ်တာ ။ မြို့ထဲမှာ တော့ တိုက်အောက်ကို ဆင်းလိုက်တာနဲ့ စားချင်တာစား ၊ သွားချင်ရာ သွားလို့ရတော့ ဈေးကောင်းတာပေါ့ ဆရာရယ် ”

“ ဟုတ်တယ်ဗျာ ။ ကျွန်တော် ပြန်လိုက်ဦးမယ်  ဒေါ်ဘိုမရေ ။ အဆင်ပြေမယ့်နေ့ ဖုန်းဆက်လိုက်ဗျာ ။ ဖြစ်နိုင်ရင် ဒီရက် ပိုင်းအတွင်း အမြန်ဆုံးစာချုပ်လိုက်ချင်တယ် ”

“ ဟုတ်ကဲ့ဆရာ ။ စိတ်ချ ။ အိမ်ရှင်က ကျွန်မပြောရင် ပြီးပါတယ် ။ စာချုပ်မယ့်နေ့မှာ ဆရာကတော်လည်း ခေါ်လာခဲ့ဦးလေ ”

“ ဟုတ်ကဲ့ ။ ခေါ်လာခဲ့ပါ့မယ်ဗျာ ”

          စကားအပြောကောင်းသလို ကရားရေလွှတ် မနားတမ်းပြောနေသည့် အိမ်ပွဲစား ဒေါ်ဘိုမကို နှုတ်ဆက်ပြီး ကားဂိတ် ရှိရာသို့ ထွက်လာခဲ့ပါတော့သည် ။ ကိုမြင့်ဦးအနေဖြင့် အိမ်မငှားလို့က မဖြစ်တော့ပေ ။ ဇနီးသည် မမြင့်မြင့်အေးက ကိုမြင့် ဦး၏ မိဘများနှင့် အဆင်မပြေတော့သဖြင့် ဝါတွင်းကာလမှာပင် အိမ်အမြန်ငှားနိုင်ဖို့ စီစဉ်ရလေသည် ။ နေ့စဉ်ဆိုသလို  ပြဿနာရှာနေတတ်သည့် မိဘများနှင့် မတည့်အတူနေရသည့် ဇနီးသည်ကိုလည်း အားနာမိသည် ။ မမြင့်မြင့်အေး၏ မိဘ များက မုံရွာမြို့တွင် နေထိုင်ကြ သဖြင့် မုံရွာမြို့ရှိ မမြင့်မြင့်အေး၏ မိဘများအိမ်သို့လည်း ပြောင်းရွှေ့နေထိုင်ဖို့က မဖြစ်နိုင် ပေ ။

           ကိုမြင့်ဦးနှင့် မမြင့်မြင့်အေးတို့ ဇနီးမောင်နှံသည် အစိုးရဝန်ထမ်းများဖြစ်ကြပြီး တစ်ရုံးတည်း တစ်ဌာနတည်းတွင် အတူလုပ်ကိုင်ကြရင်းမှ မေတ္တာမျှကာ အသက်သုံးဆယ်ကျော်မှ အိမ်ထောင်ပြုခဲ့ကြပြီး မင်္ဂလာသက်တမ်းမှာ လေးလ ကျော်ရုံမျှသာ ရှိပေသေးသည် ။  အိမ်ထောင်ကျပြီးကတည်းက အိမ်ခွဲမဆင်းဘဲ ကိုမြင့်ဦး၏ မိဘအိမ်၌ အတူနေထိုင် ကြသော်လည်း ကိုမြင့်ဦး ၏ မိဘများသည် မမြင့်မြင့်အေး အပေါ်တွင် အမြင်မကြည်လင်ကြသဖြင့် မမြင့်မြင့်အေးအား အချိန်တိုင်းလိုလို  ငြူစူစောင်းမြောင်းနေသောကြောင့် မမြင့်မြင့်အေးလည်း စိတ်ပျက်လာမိသလို ကိုမြင့်ဦးလည်း ဇနီးသည် ကို အားနာလာမိ သည်  ။ ကြာလျှင် အပျက်အပျက်နှင့် နှာခေါင်းသွေး ထွက်တော့မည့်အရေးကို ကြိုစဉ်းစားမိပြီး ဝါတွင်း ကာလအတွင်း မှာပင် အိမ်ငှားရန် အမြန်စီစဉ်ရလေတော့သည်  ။

           နှစ်ယောက်ပေါင်းလစာနှင့် စားဝတ်ရေးအပြင် နေထိုင်ရေးအတွက်ပါ ကုန်ကျရမည့်အတွက် အိမ်လခ သက်သာ မည့်နေရာကို ရှာဖွေရလေသည် ။ အိမ်လခ သက်သာနိုင်မည့် နေရာသည် မြို့သစ်မှာသာ ဖြစ်နိုင်သဖြင့် ဒဂုံမြို့သစ်တွင် ရှာဖွေရလေသည် ။  ရုံးမှ မိတ်ဆွေတစ်ဦးဖြစ်သည့် ကိုသိန်းဝင်း၏ ဆက်သွယ်ပေးမှုကြောင့် အိမ်ပွဲစား ဒေါ်ဘိုမနှင့် ဆက်သွယ်မိပြီး ဒဂုံမြို့သစ် ( XXX ) လမ်းမကြီးဘေးရှိ နေအိမ်တစ်လုံးကို ရွေးချယ်ခဲ့လေသည် ။

            ပေလေးဆယ် ပေခြောက်ဆယ် မြေကွက်ပေါ်တွင် ဆောက်လုပ်ထားသည့် အုတ်ခံပျဉ်ထောင်အိမ်က ကိုမြင့်ဦးတို့ ဇနီးမောင်နှံအတွက် ကြီးမားကျယ်ပြန့်နေသော်လည်း အိမ်လခ သက်သာသည့်အပြင် အေးအေးဆေးဆေး နေထိုင်နိုင် သည့် နေရာတစ်ခုဖြစ်တာကြောင့် ထိုအိမ်ကို သဘောကျခဲ့မိလေသည် ။

           
                                                              ***************

 ( တစ်ရက်မြောက်နေ့ )

          အိမ်ထောင်ကြီးမဟုတ်သဖြင့် ပစ္စည်းပစ္စယျ မများသော်လည်း ပစ္စည်းများထုပ်ပိုးရ ပြောင်းရွှေ့ရသည်မှာ ပင်ပန်း လွန်းသောကြောင့် ကိုမြင့်ဦးနှင့် မအေးအေးမြင့်တို့ ခြေကုန်လက်ပန်းကျနေလေပြီ ။

“ အိမ်က မကြီးပါဘူးမောင်ရဲ့ ။ မုံရွာက မိဘဆွေမျိုးတွေလာလည်ရင် အိမ်ပေါ်ထပ်မှာ ထားလို့ရတာပေါ့ ”

“ မြင့် ကြိုက်ဖို့ပဲ အရေးကြီးပါတယ် ”

“ မြင့်ကတော့ မောင့်မိဘအိမ်မှာနေရတာထက်စာရင် ဘယ်မှာပဲနေရ နေရပါ မောင်ရယ် ။ နားအေးပါးအေးနဲ့ လင်မယား နှစ်ယောက် အေးအေးလူလူနေရရင်တော်ပါပြီ ”

“ မောင် နားလည်ပါတယ် မြင့်ရယ် ”

“ ခြံထဲမှာ သရက်ပင်က တစ်ပင်တည်းရှိတာနော် မောင် ”

“ ဟုတ်တယ် မြင့် ”

“ သရက်ပင်က အသီးလည်း မသီးဘူးနော် ”

“  သရက်သီး မသီးတော့လည်းဘာဖြစ်လဲ မြင့်ရယ် ။ ကိုယ့်အပင်မှမဟုတ်တာ ။ သီးချင်သီး မသီးချင်နေပေါ့ ”

“ မောင်ကလည်း  သရက်သီးနဲ့ ငါးပိထောင်းနဲ့ဆို ထမင်းမြိန်တာပေါ့ ။ ကိုယ့်အပင် မဟုတ်ပေမယ့် ကိုငှားနေတဲ့ အိမ်မှာသီးတာ ကိုယ့်အသီးပဲပေါ့ မောင်ရယ် ”

“  စားချင်ရင် အပြင်မှာ ဝယ်စားလို့ရပါတယ်ကွာ ”

“  ခြံထဲမှာလည်း မြက်တွေ ချုံတွေချည်းပဲ ။ ပန်းပင်ဆိုလို့ တစ်ပင်မှကို မရှိတာ ။ အိမ်ရှေ့က  မြက်တွေရှင်းပြီး ပန်းပင် လေးတွေကို ပန်းအိုးနဲ့ အလှစိုက်ထားရင်တော့ နေချင်စဖွယ်လေးဖြစ်မှာပါ ”

“ လုပ်မနေပါနဲ့ မြင့်ရယ် ။ အိမ်မရှိ ခွေးမမွေးချင်စမ်းပါနဲ့ ။ အိမ်ငှားဆိုတာက စာချုပ်ပြည့်တာနဲ့ ဘယ်နေရာကို ပြောင်းရမယ် ဆိုတာ မသိနိုင်ဘူး ။ အဆင်ပြေတဲ့နေရာကို ငှားနေရမှာ ။ ပစ္စည်းတွေအများကြီးနဲ့ဆို ပြောင်းရ ရွှေ့ရတာ ဒုက္ခရောက်ပါ တယ် မြင့်ရယ် ”

“ မောင်ပြောတာလည်း ဟုတ်ပါတယ် ”

“ ခြံထဲဆင်းရင် သတိထားဆင်း မြင့်ရေ ။ မိုးတွင်းဆိုတော့ မြွေရှိတယ် ”

“  ဒေါ်ဘိုမလည်း မြင့်ကို ပြောထားတယ် မောင် ။ မြွေက အိမ်ပေါ်တောင်တက်တာတဲ့ ။ သူ့အိမ်ဆိုရင် ခြင် ထောင်ဘေး မှာတောင် လာခွေနေတာဆိုပဲ ။ သူပြောမှ အသည်းတွေယားလိုက်တာ ။ မတော်လို့ ကိုင်လိုက်မိ ရင်တော့ ၊ အမလေး……”

“ ဒီနေရာတွေက လယ်ကွင်းကို မြေကွက်ရိုက်ထားတာဆိုတော့ မြွေပေါမှာပေါ့ကွာ ”

“ ရေတော့ တက်မယ့်ပုံမပေါ်ဘူးနော် မောင် ”

“ မိုးအကြီးအကျယ် ဆက်တိုက်ရွာရင်တော့ မပြောတတ်ဘူး မြင့် ။ လောလောဆယ်တာ့ ရေတက်ထားတဲ့ ပုံတော့ မတွေ့ရဘူး ”

“ မနက်ဖြန် စနေနေ့မှ အိမ်သန့်ရှင်းရေး လုပ်ကြရအောင် မောင်ရေ ။ ဒီနေ့တော့ နည်းနည်းပင်ပန်းသွားလို့ ပစ္စည်းတွေ ဒီအတိုင်းသာ ထားလိုက်ပေတော့ ။ မနက်ဖြန်ကျမှပဲ နေရာချကြတာပေါ့နော် ”

“ ကောင်းတယ် မြင့် ။  ဘုရင်းစင်တော့ အပေါ်ထပ်မှာ ဆင်ထားပြီးပြီ ။ ဘုရားဆင်းတုတော်လည်း နေရာချပြီးပြီ ။ အပေါ် ထပ်က အိပ်ခန်းကိုတော့ မနက်ဖြန်မှ ရှင်းတော့မယ် ။ အဲဒီအိပ်ခန်းထဲမှာ ခုတင်တစ်လုံးရှိတယ် မြင့်ရေ ။ ခုတင်ကို ဖြုတ်ပြီး နံရံမှာ ထောင်ထားတယ် ”

“  အရင် အိမ်ငှားတွေ ထားခဲ့တာလားမှ မသိတာ ”

“ မဟုတ်ဘူး မြင့်ရေ ။ ဒီအိမ်ရှင်ရဲ့ ခုတင် ”

“ အိမ်ရှင်ကလည်း ကိုယ့်ခုတင်ကို ထားခဲ့ရလား ”

“ သူ့တိုက်ခန်းက ကျဉ်းလို့ ထားခဲ့တာလို့ ပြောတာပဲ မြင့်ရယ် ။ ဘာပဲဖြစ်ဖြစ် ခုတင်ကို ပြန်ခင်းလိုက်ရင် မြင့်ရဲ့ဆွေမျိုး တွေလာလည်တဲ့အခါ  အိပ်လို့ရတာပေါ့ မြင့်ရယ် ”

“ ကောင်းပါ့မလား မောင်ရယ် ”

“ အိမ်ရှင်သိတာမှ မဟုတ်တာ ။ ဒီအတိုင်းထားရင်လည်း နေရာယူဦးမယ်လေ ”

“ မောင့်သဘောပဲ ။ ဒီနေရာလေးကတော့ ကောင်းပါတယ် ။  ဈေးနည်းနည်းလှမ်းတာတော့ သိပ်မကြိုက်ဘူး မောင်ရာ ”

“ ဈေးက အရေးမကြီးပါဘူး မြင့်ရာ ။ ညနေ ရုံးဆင်းရင် ကြုံတဲ့နေရာမှာ ဈေးဝယ်ပြီး ပြန်ကြတာပေါ့ ။ ထမင်းဟင်း မချက် ဖြစ်တော့လည်း မောင်တို့လင်မယားက ဘယ်ဆိုင်မှာစားစား အဆင်ပြေပါတယ် မြင့်ရာ ”

“ အပိုကုန်တာပေါ့ မောင်ရဲ့ ။ ဆိုင်က ဟင်းတွေက စားရတာ ပါးစပ်မတွေ့ဘူး ”

“ လောလောဆယ်တော့ အဆင်ပြေသလို စီစဉ်ကြတာပေါ့ကွာ ။ နေသားကျသွားတော့လည်း တစ်မျိုးပေါ့ ”

“ ဟုတ်ကဲ့မောင် ။ ညနေစာအတွက်က ဟင်းရော ထမင်းရော ဝယ်လာခဲ့တော့ ပြဿနာမရှိပါဘူး ။ မနက်ဖြန်မှ ဒီနားဟိုနား လျှောက်ပြီး  လေ့လာကြည့်ရတော့မှာပဲ ”

“ မြင့် ရေချိုးချင် ချိုးလေ ။ ရေကတော့ အဝီစိရေဆိုတော့ အနံ့နည်းနည်းရှိတယ် ”

“ ရပါတယ် မောင်ရဲ့ ။ ဒီအိမ်မှာ သဘောကျတာက ရေချိုးခန်းနဲ့ အိမ်သာပဲ မောင်ရေ ။ ရေချိုးခန်းက ကျယ်တော့ မဆိုးဘူး ။ မောင်တို့အိမ်မှာ ရေချိုးခန်းမရှိတော့ ရေချိုးရတာ မလွတ်လပ်ဘူး ။ ဘေးအိမ်နဲ့ အိမ်ရှေ့အိမ် တွေရှိနေတော့ ကြေးတောင် အသေအချာ မတွန်းရဲဘူး ”

“ မောင်ကတော့ ရေချိုးခန်းနဲ့ အိမ်သာတွဲထားတာကို သိပ်မကြိုက်ဘူးကွ ”

“ ဘာဖြစ်လို့ မကြိုက်တာလဲ ”

“ တစ်ယောက်ရေချိုးနေရင် နောက်တစ်ယောက်က အိမ်သာဘယ်လိုတက်မလဲ ။ ရေချိုးပြီးတဲ့အချိန်အထိ ထိုင်စောင့်နေ ရမှာလေ ”

“ အိုး……မောင်ကလည်း ၊ မြင့်တို့လင်မယားနှစ်ယောက်တည်းရှိတဲ့ဟာ အိမ်သာတက်ချင်ရင် ဝင်တက်ပေါ့ ။ ဘာရှက်စရာ ရှိလို့လဲ ”

“ အခုနေကတော့ ဟုတ်တာပေါ့ မြင့်ရယ် ။ မြင့်ရဲ့ မိဘတွေ ၊ ညီအကိုမောင်နှမတွေ လာလည်တဲ့အခါကျရင် ဘယ်လို လုပ်ကြမလဲ ”

“ အဲဒီကိစ္စကို ထည့်မစဉ်းစားပါနဲ့ဦး မောင်ရယ် ။ သူတို့လည်း တော်ရုံနဲ့ မလာနိုင်ပါဘူး ။ လာတော့လည်း ဘာဖြစ်လဲ ၊  ကိုယ့်အခန်းထဲမှာ အိမ်သာအိုးလေး ထည့်ထားရုံပေါ့ ”

“ ဟာကွာ…..မဟုတ်တာ ပြောတော့မယ် ။ ရေသွားချိုးတော့ မြင့် ။ ညနေတောင် စောင်းနေပြီ ။ မောင်လည်း နည်းနည်း ပါးပါး သောက်လိုက်ဦးမယ် ”

“  မြင့် ရေချိုးပြီးတာ ခဏစောင့်ဦးလေ မောင် ။ အမြည်းလုပ်ပေးမှာပေါ့ ”

“ ရပါတယ် မြင့်ရယ် ။ ပဲခြမ်းကြော်လေးနဲ့ပဲ မြည်းလိုက်တော့မယ် ”

“ မြင့် မြန်မြန်ချိုးလိုက်မယ်မောင် ။ ခဏလေး စောင့် ”

“ လုပ်…..လုပ် ”

                                                            ***************

         ကိုမြင့်ဦးက ဧည့်ခန်းတွင်ထိုင်ပြီး အရက်သောက်ရင်း ဆေးပေါ့လိပ်ဖွာကာ ရောက်တတ်ရာရာ တွေးတော နေလေ သည် ။

“ မောင်ရယ် ၊ မီးအားကလည်း နည်းလိုက်တာ ။ တီဗီတောင် ဖွင့်လို့မရတော့ဘူး ”

“ ဟုတ်တယ် မြင့် ။ တီဗီက မီးအားအနိမ့်ဆုံး ဝပ်ရှစ်ဆယ်လောက်အထိ ဆွဲနိုင်တယ် ။ အခုက ဝပ်နှစ်ဆယ်တောင် ရှိပါ့မ လားပဲ ။ မီးလုံးကိုကြည့်ပါလား ၊ ကြက်ဥအနှစ်လိုဖြစ်နေပြီ ”

“ မီးအားမြှင့်စက် တစ်လုံးတော့ဝယ်မှနဲ့တူတယ် ။  အနားယူတဲ့အချိန် အပျင်းပြေ တီဗီလေး ကြည့်ပါမယ်ဆိုမှ မီးက ဒုက္ခပေးရတယ်လို့ ”

“ တီဗီ ပိတ်ထားလိုက်တော့ မြင့်ရေ ။ မီးအားဆောင့်တက်လာရင် တီဗီ ကြွသွားဦးမယ် ”

“ ဟုတ်ကဲ့ မောင် ။ တီဗီ မကြည့်ရတဲ့အတူ အိပ်ရာ သွားခင်းလိုက်ဦးမယ် ”

“ ကောင်းတယ် မြင့်ရေ ။ မိုးပေါက်တွေတော့ ကျလာပြီ ။ ဒီည မိုးရွာမယ်နဲ့တူတယ် ”

“ မိုရွာရင်တော့ မီးပျက်မှာ သေချာတယ် မောင်ရေ ။ ဖယောင်းတိုင်တော့ ဆောင်ထားဦးမှ ”

“ မောင်လည်း နောက်တစ်ခွက်လောက် သောက်ပြီးရင် ထမင်းစားတော့မယ် ”

“ စားကြမယ်လေ မောင် ။ ဒါဆို အိပ်ရာခင်းပြီးတာနဲ့ ဟင်းတွေ နွှေးလိုက်တော့မယ် ။ ဆိုင်ဟင်းတွေ စားမကောင်းရင် အဆင်ပြေအောင်လို့ မောင့်အကြိုက်  ကြက်ဥမွှေကြော်လေး ကြော်လိုက်ဦးမယ် မောင်ရေ  ။ မြည်းဦးမလား ”

“ မမြည်းတော့ဘူး မြင့်ရေ ။ ထမင်းစားမှပဲ စားတော့မယ် ”

        မမြင့်မြင့်အေးက တီဗီကြည့်နေရာမှထကာ တီဗီ မီးခလုပ်ကို ပိတ်လိုက်ပြီး နောက်ဖေးသို့ ဝင်သွားလေသည် ။ ကိုမြင့် ဦးက ဆေးပေါ့လိပ်ကို မီးညှိပြီး ပြူတင်းပေါက်မှနေ၍ အိမ်ရှေ့လမ်းမကြီးကို ကြည့်နေမိသည် ။ ညနေခုနစ်နာရီ ကျော်ရုံသာ ရှိသေးသော်လည်း လမ်းမကြီးပေါ်တွင် လူသွားလူလာ ပြတ်လျက်ရှိနေသည် ။ လမ်းမီးတိုင်များရှိသော်လည်း မီးအလင်း ရောင်က မှိန်ပြပြသာရှိသဖြင့် လမ်းမကြီးပေါ်တွင် မည်းမှောင်နေလေသည် ။  တစ်ခါတစ်ရံမှသာ မော်တော်ယဉ် တစ် စီးတစ်လေ ဖြတ်မောင်းသွားသည်ကို မြင်တွေ့နေရပေသည် ။ အိမ်နောက်ဘက်နှင့် လမ်းမကြီး တစ်ဖက်ခြမ်းမှ အပြိုင် အဆိုင်အော်နေကြသည့်  ဖားအော်သံများကလည်း မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှသည် ။

        အိမ်နောက်ဖေး မီးဖိုဆောင်မှ ကြက်ဥမွှေကြော်နံ့က ကိုမြင့်ဦး၏ နှာခေါင်းဝကို လာရောက်မိတ်ဆက်နေသဖြင့် သောက်လက်စခွက်ကို အမြန်မော့ချလိုက်ပြီး လက်စသတ်လိုက်လေသည် ။

“ မောင် ပြီးပြီ မြင့်ရေ ။ ဗိုက်ဆာတယ် ”

“ ပြီးပြီမောင်ရေ ။ အားလုံး အဆင်သင့်ပဲ ။ အိမ်ရှေ့ကို ယူလာရမလား ”

“ ကောင်းတယ် မြင့်ရေ ။ အိမ်ရှေ့မှာပဲ စားလိုက်တော့မယ် ”

“ ဒါဆို ပန်းကန်တွေ လာသယ်ပေးလေ မောင် ”

“ လာပြီ ၊ လာပြီ ”

         ပန်းကန်များကူသယ်ပေးနေရင်း အိမ်နောက်ဖေးမှ အထွက်တွင် အိမ်ပေါ်ထပ်မှ လှေကားထိပ်တွင် လူရိပ်မြင်လိုက် သဖြင့် ကိုမြင့်ဦး၏ မျက်လုံးများက ထိုနေရာသို့ ရောက်သွားလေသည် ။ ဟင်းပန်းကန်များကို ကိုင်ရင်း လှေကားထိပ်မှ အရိပ်ကို စူးစမ်းသည့် မျက်လုံးများဖြင့် အသေအချာကြည့်နေလေသည် ။

“ မောင် ၊ ဘာရပ်လုပ်နေတာလဲ ”

“ ဘာမှ မဟုတ်ပါဘူး ”

       ပုဆိုးနှင့် လူတစ်ယောက်၏ ခြေထောက်အောက်ပိုင်း သဏ္ဌာန်ကို မြင်လိုက်ရသော်လည်း ချက်ချင်း ပျောက်ကွယ် သွားသဖြင့် အမြင်မှားသည်ဟုသာ သဘောထားလိုက်ပြီး ပန်းကန်များကို အိမ်ရှေ့သို့ယူသွားလေသည် ။

        

                                                               ***************

                              အပိုင်း ( ၂ ) သို့

Share on Google Plus

About Apyar

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment