“ တီတီလေးရေ…တီတီလေး…လာပါအုံး…မြန်မြန်…အား…အား….” အိပ်ခန်းထဲမှ ‘ မိုင်မိုင် ’ ၏ အလန့်တကြား အသံကြောင့် သီတာပြုံးလက်ထဲမှ စာစောင်ကိုချ၍ ကမန်းကတန်းထ၍ ပြေးလာမိသည်။ အိပ်ခန်းထဲလှမ်းဝင်လိုက်တော့ မှန်ရှေ့မှာရပ်နေသော မိုင်မိုင်၏ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ဘာအဝတ်အစား မှမရှိ။ သူမကျောပြင်လေးကို မှန်ဖက်သို့လှည့်ကာ ကြည့်၍နေသည်။ “ မိုင်လေး….ဘာဖြစ်လို့လဲဟင်….” သီတာပြုံး အမောတကော မေးလိုက်မိသည်။ “ သမီးအနာက တစစ်စစ်နဲ့ ကိုက်နေတယ်….တီတီလေး…” “ ဟင်…ပြစမ်း…” မိုင်မိုင့်ညာဘက်လက်ပြင်တွင် မွှေးကျွတ်နာပေါက်နေကြောင်း သီတာပြုံး သိထားသည်။ “ ဟယ်…အနာက ပြည်တွေနဲ့ မှည့်နေပြီ သမီး…တီတီလေး ညှစ်ပေးမယ်….ဒီပြည်တွေထွက်သွားမှ ကိုက်တာသက် သာပြီး အနာပျောက်သွားမှာ….” ပြောလဲပြော ပြည်တွေနဲ့စူတက်နေသော မွှေးကျွတ်နာ၏ ဘေးတစ်ဖက်တစ်ချက်ဆီသို့ လက်မနှစ်ဖက်ကို တင်လိုက် သည်။ ပြီးတော့ ဆတ်ကနဲ ညှစ်လိုက်သည်။ “ အား….အမလေး….သေပါပြီ….အား…အား….” မိုင်မိုင်ငယ်သံပါအောင် အော်လိုက်သည်။ သီတာပြုံး လက်တွန့်သွားသည်။ မိုင်မိုင်ကို ကြည့်လိုက်တော့ မျက်ရည် တွေ ပိုးပိုးပေါက်ပေါက်ကျလာနေသည်။ အနာကပွင့်သွားပြီ ပြည်တွေတစွန်းတစထွက်နေပြီ နောက်ထပ်နှစ်ချက်လောက်ညှစ် လိုက်ရင် အထဲကပြည်ပုတ်တွေရော အမြစ်ပါထွက်သွားမည်ဖြစ်သည်။ ဒါပေမယ့် မိုင်မိုင်က ဘယ်လိုမှ ခံနိုင်ရည်မရှိတော့ပြီ။ “ မိုင်လေး….ရှေ့ကိုခါးလေးနည်းနည်းကိုင်းလိုက်…” “ ဟင်…တီတီလေး ထပ်ညှစ်အုံးမလို့လား….သမီး မခံနိုင်တော့ဘူး…ဟင့်…ဟင့်….” “ မညှစ်တော့ပါဘူး သမီးရဲ့…ရှေ့ကိုနည်းနည်းကိုင်းလိုက်နော်….မိုင်လေး မနာစေရပါဘူး…” မိုင်မိုင်က သီတာပြုံးကို မရဲတရဲဖြင့် မျက်လုံးဝိုင်းကြီးများဖြင့် လှည့်ကြည့်ပြီး ခါးကိုရှေ့သို့ကိုင်းလိုက်သည်။ သီတာပြုံး သူမ၏ နှုတ်ခမ်းနှစ်လွှာကို အနာတွင်ကပ်၍ အားကုန်စုပ်ထုတ်လိုက်သည်။ ပြည်ပုတ်သွေးပုတ်တွေက သီတာပြုံး ပါးစပ်ထဲ ပါ လာသည်။ “ အ…အ…အဟင်း…တီတီလေးရယ်…” သီတာပြုံး ပြတင်းပေါက်ဘေးသို့သွား၍ ပါးစပ်ထဲမှဟာတွေကို ထွေးထုတ်ပစ်လိုက်သည်။ ပြီးတော့ မိုင်လေးကိုပြုံး၍ ကြည့်လိုက်သည်။ မိုင်မိုင်က မျက်ရည်အဝဲသား မျက်လုံးလေးတွေကို မျက်တောင်တဖြတ်ဖြတ်ခပ်ရင်း သီတာပြုံးကို ကြည့် သည်။ “ တီတီလေးရယ်…” မိုင်မိုင် သီတာပြုံး၏ ခါးကိုဖက်ကာ ရင်ခွင်ထဲသို့ ပြေးဝင်လိုက်လေတော့သည်။ သီတာပြုံးက မိုင်မိုင်၏ အဒေါ်ဖြစ်သည်။ သီတာပြုံးကို မိုင်မိုင်ဖခင်၏ ညီမက မွေးခဲ့တာဖြစ်သည်။ မိုင်မိုင်၏ မိဘများ တွင် သားသမီးမထွန်းကား၍ သီတာပြုံးအား လေးနှစ်သမီးအရွယ်ကပင် ခေါ်ယူ၍ မွေးစားခဲ့သည်။ သီတာပြုံး (၅)တန်း ရောက်သောနှစ်တွင်မှ မိုင်မိုင်ကို မွေးဖွားခဲ့တာဖြစ်သည်။ မိုင်မိုင်က သီတာပြုံးလက်ပေါ်တွင်ပင် သားသမီးနှင့်မခြား ကြီးပြင်း လာခဲ့ရတာဖြစ်သည်။ သီတာပြုံးကအခု အသက်(၂၅)နှစ်ရှိပြီဖြစ်ပြီး မိုင်မိုင်က အသက်(၁၅)နှစ်၊ (၁၀)တန်း ကျောင်းသူဖြစ် သည်။ မိုင်မိုင်၏ မိဘများက လွန်ခဲ့သော (၃)နှစ်ကျော်လောက်ကပင် ပြည်ပတွင်သွား၍ အလုပ်လုပ်နေသည်။ မိုင်မိုင်က သီတာပြုံးကို မခွဲနိုင်သဖြင့် မိဘများနှင့် လိုက်မသွားခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ်က သီတာပြုံး အိမ်ထောင်ကျသဖြင့် မိုင်မိုင် ၏ မိဘများ တခေါက်ပြန်လာခဲ့ရသည်။ အပြန်တွင် မိုင်မိုင်ကို ပြည်ပသို့လိုက်ခဲ့ရန်ခေါ်သော်လည်း မိုင်မိုင်က လိုက်မသွားခဲ့ ပေ။ အဓိကအကြောင်းရင်းကတော့ သီတာပြုံးကို မိုင်မိုင် မခွဲနိုင်ခြင်းပင် ဖြစ်သည်။ သီတာပြုံး၏ ယောက်ျား ‘ ဧရာ ’ က အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး လှိုင်သာယာက စက်ရုံတစ်ရုံတွင် ကြီးကြပ်ရေးမှူးဖြစ်သည်။ တစ်ပတ်မှ နှစ်ရက်သာ အိမ်သို့ ပြန်လာရသည်။ ဧရာကလည်း မိုင်မိုင်ကို သီတာပြုံးကဲ့သို့ပင် သားသမီးတစ်ယောက်လို သဘောထားသည်။ မိုင်မိုင့်မျက်နှာ အညိုမခံ လိုလေသေးမရှိအောင် ထားသည်။ အလိုလိုက်သည်။ ယုတ်စွအဆုံး တစ်ပတ်မှ နှစ်ရက်ထဲ အိမ်မှာနေရတဲ့ ဧရာက သူပြန်ရောက်တဲ့ရက် မိုင်မိုင်က သီတာပြုံးကို သူမနှင့်လာအိပ်ရန်ပြောလျှင်ပင် ဧရာက ကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့သည်သာ ဖြစ်သည်။ ကလေးစိတ်မပျောက်သေးသော မိုင်မိုင်၏ ဒဏ်ကို ဧရာနှင့် သီတာပြုံးတို့ လင်မယားမှာ မိုင်မိုင်ကို ချစ်တဲ့စိတ်ဖြင့် ခံခဲ့ရလေသည်။
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment